Tuesday, July 16, 2013

ငါနဲ့မတူ

အခုတစ်လော အမျိုးစောင့် ဥပဒေနဲ့ ပါတ်သက်ပြီး...
ဝေဖန်တဲ့သူက ဝေဖန် ကန့်ကွက်တဲ့သူတွေက ကန့်ကွက်နေကြတာ
အားလုံးသိပြီးလောက်ရောပေါ့လေ...

ဘာဖြစ်လို့များ ကန့်ကွက်တာလည်းလို့.. ကျုပ် စဉ်းစားမိတော့...
မဆီမဆိုင် ကျုပ်တို့ ရွာကအဖြစ်ကို သွားသတိရမိတယ်ဗျ....

ကျုပ်တို့ရွာမှာ မျိုးဆက်သုံးဆက်လောက်
ကွာခဲ့ပေမယ့်...အခုအချိန်ထိ ပြောစမှတ်ဖြစ်ခဲ့တဲ့..ဖြစ်ရပ်တစ်ခုရှိတယ်ဗျ..
အဲဒါကဘာလည်းဆိုတော့..
`` ဘိုးကူကြီး ဆန်ထမ်းသလိုတဲ့´´

အဖြစ်ကဒီလို.. ဘိုးကူ ဆိုတာ..တစ်ခြားမဟုတ်ဘူး..
ကျုပ်အဖိုးရဲ့ အကိုအရင်း....
သူ လူပျိုဘ၀လောက်ကပေါ့ဗျာ..


`` ၀က်ကျ´´ ဆိုတဲ့ရွာကို ဆန်သွားဝယ်တယ်..
အဲဒီတုံးက..ကျုပ်တို့ရွာဘက်မှာ ဘာပဲ သယ်သယ်
ထမ်းပိုးကိုသုံးကြတာဗျ...

အဲ..ကျုပ် အဖိုး.. ဘိုးကူ ကလည်း.( အဲဒီတုံးက မောင်ကူပေါ့လေ)
ဝက်ကျကို သွားဝယ်ရမှာဆိုတော့.. ထမ်းပိုးလေးနဲ့ တောင်းလေး နှစ်လုံး
ယူပြီးထွက်သွားတာပေါ့ဗျာ..

ဝယ်လာတဲ့ ဆန်လေးထမ်းပြီးပြန်လာ..
ရှေ့နဲ့နောက် အလေးချိန်က မညီတော့ ထမ်းရတာ..
ကသိကအောက်နဲ့..

ဒါနဲ့ တစ်နေရာရောက်တော့..
ထမ်းပိုးလေးအသာချ.. ပေါ့နေတဲ့ တောင်းဘက်ကို
အလေးချိန်ညီအောင်.. ကျောက်ခဲတွေထည့်သတဲ့..

ဒါကို သူ့နားမှာရပ်နေတဲ့ ဦးလှဆောင်က.. အမြင်မတော်တော့..
`` ကိုကြီးကူ.. ခင်ဗျားဗျာ.. ဆန် အချိန်မမျှတာများ..
ကျောက်ခဲမထည့်နဲ့လေ.. အချိန်များတဲ့ထဲက ဆန်ကို နည်းတဲ့ထဲ
ထည့်ရင် ပိုပြီး မသက်သာဘူးလားဗျ..´´

`` အေး..မင်းပြောတာ ဟုတ်သားဟ.. ငါမေ့သွားလို့..
ကျေးဇူးပဲကွာ..ဒါနဲ့.. မင်းက ဘယ်ရွာကတုံး´´

`` အာ ကိုကြီးကူကလည်း.. ကျုပ်က. ကျမင်းကြီးက..
မြမောင်ညီ လှဆောင်လေဗျာ..´´

`` ဘာကွ.. မြမောင်ညီဟုတ်လား..´´
`` ဟုတ်တယ်လေ..´´

`` အေး.. မင်း ပြောတဲ့ အကြံ ကောင်းပေမယ်..
မင်းက.. ငါနဲ့ ရည်းစားလုဘက် မြမောင်ညီ လှဆောင်ဖြစ်နေတော့..
မင်းပေးတဲ့ အကြံ လက်မခံဘူးဟေ့.. ငါ့ဟာငါ ကျောက်ခဲ ထည့်ပြီး
ထမ်းတော့မယ်ကွ.. မှတ်ထား.. ငကူတဲ့ဟေ့..တစ်ကူတည်းရှိတယ်.´´ တဲ့ဗျာ..

ဆိုင်မဆိုင်တော့ မသိဘူး.. သတိရမိလိုက်တာကို ပြောတာပါ...

 
( ထာဝရ ခရီးသည်...)

No comments:

Post a Comment